ပြန်လို့မရတော့တဲ့ တိုင်းပြည်ထဲကနေ အသက်လုခိုးဝှက် ခြုံဖြဲထွက်လိုက်ပြီးတဲ့နောက် ကျနော်အရင်ဆုံး ဝင်မိသွားတာက ဆဲဗင်းအလဲဗင်း။ အဲယားကွန်းအေးစိမ့်စိမ့်၊ ဘာသာစကား အေးစိမ့်စိမ့်လေးနဲ့ ဆဲဗင်းအလဲဗင်းထဲ တိုင်းပြည်လွမ်းစိတ်ကို ညနေဆို အရက်ဘီယာအများဆုံးဝယ်အားပေးတဲ့ တာဇံဟာ ကျနော်ဖြစ်သွားတယ်။ ရိုးရာနံ့သင်းတဲ့ ဟင်းတွေ၊ အင်ဖပ်နံ့မွှေးတဲ့ ဒေသစာတွေ၊ စကားရွှန်းဆို နှုတ်ခွန်းဆိုရင်း ရောင်းဝယ်ဖောက်ကားကြတဲ့ ပျော်စရာ ရွာဈေးရပ်ဈေးတွေ၊ ပြီးတော့ အကောင်အထည်လိုက်မြင် ခွင့်ရခဲ့တဲ့ အာဏာရှင်တွေ၊ ကုသိုလ်အကုသိုလ်နဲ့၊ သူ့ထိုက်နဲ့သူ့ကံတွေ၊ စစ်ကြောရေးမှာ သေသွားတဲ့ ကျနော့်ရဲ့ သူငယ်ချင်းနာမည်တွေ၊ သင်္ကြန်မိုးရုပ်ရှင်နဲ့ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေအစချီ နိုင်ငံတော်သီးချင်းတွေ၊ ကျနော် မေ့ပစ်လိုက်ပြီ။ ဆဲဗင်းအလဲဗင်းမှာ ဂဏန်းလက်မ အေးခဲထမင်းကို ဝယ်ပြီး ခပ်နွေးနွေးစားပစ်လိုက်တာကိုက တော်လှန်ရေးတာဝန်ကို ကျနော်ထမ်းနေတာပေါ့။
ခင်ဗျားဟာ ခိုးပြီးပဲရောက်လာလာ၊ မင်းခမ်းမင်းနားနဲ့ပဲရောက်လာလာ၊ တရား ဝင်ဗီဇာနဲ့ပဲ အလည်လာလာ ဆဲဗင်းအလဲဗင်းကိုတော့ မဖြစ်မနေ ဝင်ဂါရဝပြုတာပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ သံအမတ်ခန့်အပ်လွှာပေးပြီး အစိုးရအချင်းချင်း သူ့ပြည်သူ၊ ကိုယ့်ပြည်သူ အပြန်အလှန် စိတ်တူကိုယ်တူ ကုတ်သွေးစုတ်ပွဲကျင်း ပသလို နေရာတိုင်းမှာ ဆဲဗင်းအလဲဗင်းဟာ၂၄ နာရီ ဝင်းလို့ဝါလို့ပေါ့။ “မင်္ဂလာပါ။ ဆဲဗင်းအလဲဗင်းက ကြိုဆိုပါတယ်”အစချီပြီး မှန်စလိုက်တံခါးလေးထဲ ခင် ဗျားဟာ ရိုကျိုးစွာ ပြေး ဝင်သွားရတာက ဒီအရပ်ဒီဇာတ်ရဲ့ အမိုက်စားဖက်ရှင်ပဲ။
ကျနော်က ငရဲကလာသူဆိုတော့ ဆဲဗင်းအလဲဗင်းဟာ ဆင်းရဲသားတွေကို မိုတီပေးတဲ့ ပုံပြင်တွေထဲက နတ်သူ ငယ်ရဲ့ ပန်းဘုံနန်းလေးတခုလို ကြက်ဥဝယ်လို့လွယ်တဲ့၊ အမျိုးသမီးသုံးဂွမ်းထုတ်ဝယ်ဖို့လွယ်တဲ့၊ ကွန်ဒုံးဝယ်ဖို့လွယ်တဲ့ အိုအေစစ်လေးတခုလိုလည်း ဖြစ်ပါတယ်။
ကျနော်တို့မှာ လျော်ကြေးတခု ရစရာရှိပေမဲ့ အဲ့လျော်ကြေးရဖို့ ဆဲဗင်းအလဲဗင်းကို ဆုကြေးငွေတွေ သွားသွားပေးနေရတာပဲလို့ ကျနော်ထင်တယ်။ ဒါတင်လားဆိုတော့ တည်ငြိမ်ယဉ်ကျေးတဲ့ သူ့နိုင်ငံသား ဒလီသမားလေးက တနေ့တာညှစ်ထုတ်လိုက်ရတဲ့ သူ့ချွေးတွေကို အင်အားပြန်ဖြည့်တင်းဖို့ သူ့နိုင်ငံသား အမြတ် ကြီးစားတွေပိုင်တဲ့ ရောင်စုံကျွဲရိုင်းတွေ ဝင်ဝင်ဖမ်းနေရတာလဲ ဆဲဗင်းအလဲဗင်းဖြစ်နေပြန်တာပေါ့။
ဆဲဗင်းအလဲဗင်းထဲမှာတော့ အရွက်နဲ့ပေးပေး၊ အရွက်မဲ့ဒစ်ဂျစ်နဲ့ပေးပေး ခင် ဗျားဟာ သွေးစုတ်ယန္တားတခုရဲ့ သာတူညီမျှ တန်းစီခွင့်ရတဲ့၊ တခုခုဝယ်ယူ အားပေးနေရတဲ့ ချစ်စဖွယ် သစ္စာ ရှိ ဖောက်သည်ပဲ။ ပြီးတော့ ခင်ဗျားကိုယ်တိုင်လည်း ခြောက်ခြားဖွယ် ခေတ်စနစ်ကြီးတခုရဲ့ အချိန်မရွေးပြန်နွှေးစားသုံးလို့ရတဲ့ စားသုံးခံအေးခဲ လူသားတစ်ဦးပဲ။ ဘယ်လောက် ကဗျာဆန်ပြီး အထာကျလိုက်သလဲနော်။ ဆဲဗင်းအလဲဗင်းဟာ ကျနော်တို့တိုင်းပြည်ရဲ့ ပူနွေးစိုစွတ်တဲ့တောထဲက အပင်တွေမှာ တွယ်ငြိပွားများတတ်တဲ့ သစ်ကပ်မှိုဖြူဖြူလေးတွေလိုပဲ သူ့ကို ပွတ်ကြည့်လိုက်ရင် နီညိုညိုသွေးရောင်တွေ ထွက်လာတတ်တဲ့ မှိုတွေပေါ့။
ဆဲဗင်းအလဲဗင်းထဲမှာ နိုင်ငံရေးမရှိဘူး၊ ဘုန်းနိမ့်ကန်နိမ့် တာမရှိဘူး၊ လူမျိုးရေးခွဲခြားတာမရှိဘူး၊ တူတံဇဉ်နဲ့ ရီပက်ဗလင်ကန်တွေမရှိဘူး၊ ကယ်လီဖိုနီကေးရှင်းသီချင်းလည်းမရှိဘူး၊ ပျော်ရွှင်ဖွယ် ရပ်ဈေးရွာဈေးတွေကို မေ့လျော့ခံထားရပြီး ကိုယ့်သွေးချွေးနဲ့ ဈေးလာဝယ်နေကြတဲ့ အလုပ် သမားလူတန်းစားထု ကြီးပဲရှိတယ်။
မည်သို့ပင်ဆိုစေကာမူ တချိန်က လက်သီးလက် မောင်းတန်းခဲ့တဲ့ သူပုန်လူငယ်တစ်ယောက်က ဘုရင်မင်းမြတ်ကြီး သက်တော်ရာကျော် ရှည်ပါစေ၊ စစ်သားလူထွက်နဲ့ ခရိုနီသူဌေးအမတ်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းရှိ ပါစေလို့ ရင်ညွန့်မှာ လက်အုပ်ကလေးကပ်ချီ၊ ရောင်းသူဝယ်သူ ကုတ်သွေးစုတ်ခံသူချင်း သွေးစည်းညီညွတ်ရေး လျော့ရဲရဲအပြုံးချင်း ဖလှယ် နှုတ်ဆက်ပြီး ဆဲဗင်းအလဲဗင်းထဲက ထွက်လာခဲ့တယ်။

ခေါပွန်နာ့ခရပ် ဆဲဗင်းအလဲဗင်း။။